နိုင်ငံတကာ အထူးသဖြင့် အမေရိကန်မှာတော့ ထရမ့်သမ္မတဖြစ်လာပြီးတဲ့နောက် LGBT+ အရေး၊ သတင်းအချက်အလက် မှန်ကန်ကြောင်းစစ်တဲ့ အဖွဲ့တွေပိတ်မှု စတာတွေကြောင့် Meta ပိုင်တဲ့ Facebook, Instagram၊ Elon Musk ရဲ့ Twitter မဟုတ်တဲ့ ဆိုရှယ်မီဒီယာတွေ ရှာသုံးလာကြတယ်။ အများကြီးရှိတဲ့ထဲမှာမှ အမေရိကန်အခြေစိုက် လူနည်းစု သူဌေးတွေ တွေမပိုင်တာတွေကို အထိကထား ရှာလာကြတယ်။ အခုကျမှ စီးပွားဖြစ် အဖွဲ့အစည်း မဟုတ်တဲ့ w3c ကမကထ ပြုလုပ်ထားတဲ့ ActivityPud သုံး Fediverse software တွေကို လူတွေပို သတိထားမိလာကြတယ်။
ကိုယ်တွေ Fediverse ကို စသိတာက Reddit ကြောင့်။ တစ်နှစ်လောက်ပဲရှိသေးတယ်။
အပေါ်က ပြောခဲ့တာတွေက မြန်မာတွေနဲ့ တိုက်ရိုက်မတိုက်ဆိုင်ပေမယ့် Fediverse ကို ပြောင်းသုံးစေချင်တယ်။ ဘာလို့လဲဆိုတော့ သူ့ရဲ့ အလုပ်လုပ်ပုံကြောင့်။ Fediverse ဆိုတဲ့ စာလုံးက federated universe ဆိုတဲ့အတိုင်း သူ့မှာ ဗဟိုစနစ်မရှိဘူး။ မတူညီတဲ့ ဆာဗာတွေက နောက်မှာ တူညီတဲ့ ဘာသာစကားပြောပြီး ချိတ်ဆက်ထားကြတာ။ မြင်သာအောင်ဆိုရရင်
- မြန်မာဆိုတဲ့ ဆိုရှယ်မီဒီယာကြီးမှာ “ရန်ကုန်ဆိုတဲ့ဆာဗာ” ရှိမယ်၊ “ကချင်ဆိုတဲ့ဆာဗာ” ရှိမယ်။
သူတို့နှစ်ခုက သူတို့ နားလည်လက်ခံထားတဲ့ ActivityPud ဆိုတဲ့စကားနဲ့ ချိတ်ဆက်ကြတယ်။ ရန်ကုန်ဆာဗာမှာ အကောင့်ဖွင့်ထားသူတွေက ကချင်ဆာဗာပေါ်မှာအကောင့်ဖွင့်ထားသူတွေကို လှမ်းဆက်သွယ်လို့ရမယ်။ ကချင်ဆာဗာမှာသွားပြီး အကောင့်သစ် ဖွင့်နေဖို့မလိုဘူး။ ထိုနည်းတူ ချင်းဆာဗာ ကလည်း ActivityPud သုံးရင် ရန်ကုန်ဆာဗာ၊ ကချင်ဆာဗာ တွေနဲ့ ချိတ်လို့ရမယ်။ ဒါ့အပြင်
- ထိုင်းဆိုတဲ့ ဆိုရှယ်မီဒီယာကြီးမှာရှိတဲ့ ဘန်ကောက်ဆိုတဲ့ ဆာဗာ ကြီးကလည်း ActivityPud ဆိုတဲ့ စကားပြောရင် မြန်မာဆိုတဲ့ ဆိုရှယ်မီဒီယာပေါ်မှာ ရှိတဲ့ ဆာဗာတွေနဲ့ ချိတ်ဆက်လို့ ရသွားမယ်။
အဲ့လိုဆို မြန်မာမှာလို ဗဟိုစနစ်တစ်ခုထဲရှိတဲ့ Facebook ကို ပိတ်လိုက်သလိုမျိုး ပိတ်လိုက်ဖို့က ခက်သွားပြီ။ အပြီးပိုင် ပိတ်ချင်တယ်ဆိုရင် ထောင်ချီတဲ့ မတူညီတဲ့ ဆာဗာတွေကို လိုက်ပိတ်မှရမယ်။ ဆာဗာအသစ် ကိုယ်တိုင်ထောင်ဖို့ကလည််း မခက်ခဲ့ဘူး။ အကုန်လုံးက free(dom) and open source software တွေဖြစ်ပြီး အခကြေးငွေမလိုဘူး။
လက်ရှိမှာတော့ ကိုယ်တွေ့ကြုံခဲ့ရသလောက်ကတော့ ဒီလိုအပြောင်းအရွေ့တွေကို တိုက်တွန်းရင်
“ကိုယ့်အသိထဲမှာ သုံးတဲ့သူတွေမရှိလို့ ပြောင်းမသုံးဘူး။ ပြောင်းမသုံးကျတော့ မရှိဘူး”
ဆိုတဲ့ ကြက်ဥနဲ့ ကြက် ဘယ်ဟာအရင်စဖြစ် ဆိုတဲ့အခြေအနေပါပဲ။
ပိုပြီး ကျယ်ကျယ်ပြန့်သိချင်ရင် The Verge တို့လို We Distribute တို့လိုက article တွေဖတ်ကြည့်ပါ။ မြန်မာလိုကတော့ Calm Hill ရေးထားတဲ့ Mastodon လိုတိုရှင်း ဆိုတာရှိပါတယ်။
စမ်းသုံးကြည့်ချင်တယ်ဆိုရင်တော့ မြန်မာတွေ ထောင်ထားတဲ့ burma.social ရှိပါတယ်။ စကစ က ဒီမှာတော့ လက်မြန်ပါတယ်၊ မြန်မာမှာ ပိတ်ခံထားရပါပြီ။ ဆာဗာအများစုကတော့ ပိတ်မခံထားရပါ။ ဒီ linkထဲကိုဝင်ပြီး ကိုယ့်နဲ့ကိုက်မယ့် ဆာဗာကိုရွေးပြီး အကောင့်ဖွင့်ရုံပါပဲ။ ကိုယ်တိုင်က anime fan ဆိုတော့ Lemmy အတွက်တော့ ani.social မှာ အကောင့်ရှိပါတယ်။ မြန်မာမှာ မပိတ်ထားပါ။
